Wednesday, June 5, 2013

ဗိုလ်ချုပ်အောင်ဆန်း နှင့် မန်ခရိန်ရွာ မှတ်တမ်း


၁၉၄၆ ခုနှစ် နိုဝင်ဘာလ ကုန်ခါနီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသည်။ မြစ်ကြီးနားမြို့တွင် ဗန်းမော်မှ ဒူဝါ၊ ဆလန်ဝါ များစုံစုံ ညီညီ ရောက်လာကြသည်။ ဒူဝါ လော့ဒန် ဇော်လ က ဆလန်ကွမ်ရင်ဂမ်အား ဗိုလ်ချုပ် ကချင်လူကြီးများနှင့်အတူ ရင်းရင်းနှီးနှီး ထမင်းစားလို ကြောင်း အကြောင်းကြားပါသည်။ ဆလန် ကွမ်ရင်ဂမ် ခင်ဗျားရဲ့ ရွာမှာဧည့်ခံဟုပြောသည်။ ဆလန် ကွမ်ရင်ဂမ် လည်း ရွာသို့ပြန်သွားပြီး အိမ်ဆောက်ရန်စုဆောင်းထားသော ၀ါးတို့ဖြင့် မန်ခိန်ကျောင်းဝင်း၌ ဧည့်ခံမဏ္ဍပ် ဆောက် ၍ နိုဝင်ဘာ (၃၀) ရက်နေ့တွင် ကချင်ထုံးစံနှင့်အညီ ဖက်ရွက်ဖြင့် ထုပ်သောထမင်း၊ ဟင်း များ ဟင်းချိုရည် ကို ဖက်ခွက်တွင်ထည့်ပြီးဧည့်ခံကျွေးမွေးသည်။ ထမင်းစားကြသောအခါ ဗိုလ်ချုပ်၏ လင်္ကျာဖက် တွင် ဆလန် ကွမ်ရင်ဂမ် ထိုင်ပြီး ဗိုလ်ချုပ်၏ လက်ဝဲဖက်တွင် ဒူဝါဇော်လွန် ထိုင်သည်။ ဗိုလ်ချုပ်သည် ထမင်း ထုပ်ကို ဖြေ၍ စားမည် ပြုသောအခါ ထမင်းထုပ် အနေအထား ပြောင်းပြန်ဖြစ်နေ၍ ဒူဝါဇော်လွန် က ထမင်းထုပ် ကိုပုံမှန် ပြန်လှည့်ပေးသည်။ ဗိုလ်ချုပ်သည် ပြုံးရွှင်စွာဖြင့် ထမင်းထုပ်၊ ဟင်းထုပ် များဖြေ၍ စားသွားသည်။ ထမင်း စားပြီးကြသောအခါ ဆလန်ကွမ်ရင်ဂမ်က ဗိုလ်ချုပ်အား “ ဗိုလ်ချုပ်ခင်ဗျား ကျွန်တော်တို့ကချင်လူမျိုး တွေရဲ့ အခြေအနေဟာ ဗိုလ်ချုပ်မြင်တဲ့အတိုင်းဖြစ်ပါတယ်၊ ဗိုလ်ချုပ် က ကျွန်တော်တို့နဲ့ပေါင်းရအောင်ဆိုတာ ပေါင်းနိုင်ပါ့မလား..” ဟုတင်ပြသည်။ ထိုအခါ ဗိုလ်ချုပ်က “ ကျွန်တော်နိုင်ငံရေးလုပ်လာတာ အနှစ်(၂၀) ရှိပြီ၊ ဘယ်တော့မှ ကျေးဇူးတင်စကားမပြောခဲ့ဘူး၊ ဒီကနေ့တော့ ကျေးဇူးတင် စကားမပြောဘဲ မနေနိုင်ဘူး၊” ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ကချင်လူမျိုးများသည် ခင်ဗျားတို့ ရဲ့ယဉ်ကျေးမှုထုံးစံနဲ့အညီ ဧည့်ခံ တဲ့အတွက် ပါဘဲ။ ဘာဖြစ်လို့ မပေါင်းနိုင်ရမှာလဲ ၊ ပေါင်းနိုင်ပါတယ် ဟုပြန်ပြောခဲ့သည်။
ဆလန်ကွမ်ရင်ဂမ်သည် ရွာလူကြီးများကို ဗိုလ်ချုပ်အား ကချင်ထုံးစံ အတိုင်း ညီအစ်ကို အမှတ်အသား ပြုရန် ငွေဓားလွယ် နှင့် ငွေလွယ်အိတ် ရှာခိုင်းတယ်။ စစ်ပြီးခါစ ဖြစ်၍ မရသဖြင့် ဆလန်ကွမ်ရင်ဂမ် မှ သူ ပထမ ပင်လုံ အစည်းအဝေး တက်ခဲ့စဉ်က ရှမ်းပြည်က ၀ယ်လာသော ဓားလွယ်အသစ် နှင့်ကချင်အမျိုးသမီး များယူလာသော ဂျိန်းဖော့ လွယ်အိတ်ကို ဗိုလ်ချုပ်၏ ပခုံး ပေါ်တွင်လွယ်ပေးရန် ဆရာမ ဒေါ်ဂေါ့လူလု အား ပေးသည်။ ထိုနောက် လူကြီးများက ဓါတ်ပုံ ရိုက်ရန် ပြောသောအခါ ကချင်ခေါင်းပေါင်း လိုနေသဖြင့် ဒူဝါဇော်ရစ် ပေါင်းလာသော ခေါင်းပေါင်းကို ပေါင်းပေးပြီး ကချင်လူကြီးများ နှင့် ဓါတ်ပုံ အတူတွဲရိုက်ပြီးလျှင် ကချင် အမျိုးသမီးများ နှင့် ဓါတ်ပုံ တွဲရိုက်ခဲ့သည်။
          ဗိုလ်ချုပ်အောင်ဆန်း နှင့် ကချင်အမျိုးသမီးများတွဲရိုက်ထားသော မှတ်တမ်း ဓါတ်ပုံသည် လတ်ွလပ်ရေးကြိုးပမ်းမှု ကာလ ဗိုလ်ချုပ်အောင်ဆန်း  သမိုင်းမှတ်တမ်းပုံ အဖြစ်လူသိများခဲ့သည်။

သို့သော် ကချင်အမျိုးသား နိုင်ငံရေး ခေါင်းဆောင်များနှင့် တွဲရိုက်ထားသော ဓါတ်ပုံမှတ်တမ်း ကို သိသူနည်းပါးခဲ့ကြောင်းတွေ့ရသည်။......



*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။


No comments:

Post a Comment