Tuesday, June 4, 2013

ဗိုလ်ချုပ်အောင်ဆန်း နှင့် ကချင်လူကြီးများတွေ့ဆုံခြင်း။


ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာ သည်။ ဗိုလ်ချုပ်အောင်ဆန်း အား BME ကုမ္ပဏီ လူကြီး ဦးလောရွှင် နှင့် ပန်ချာပီ ဒရမ်ဆင်း တို့ ဦးဆောင်၍ မြို့ပေါ်ရှိ တရုတ် ၊ ကုလား ကုန်သည်ကြီးများက ယခုမီးသတ်ဝင်းနေရာ တွင် ဧည့်ခံ မဏ္ဍပ် ဆောက်ပြီးမုန့် လက်ဘက်ရည်ဖြင့် ကြိုဆိုသည်။ ကချင် သမ၀ါယမ အသင်းကိုလည်း လူ (၆) ယောက်တက်ရောက်ရန်ဖိတ် ကြားသည်။ သို့နှင့် ဆလန်ကွမ်ရင်ဂမ်သည် အသင်းဆိုင် တွင်ရှိသော မရမ်းရွာသား နှစ်ယောက်ကိုခေါ်၍ သွားကြသည်။
ဆလန်ကွမ်ရင်ဂမ် နှင့် အဖွဲ့ တို့ရောက်ရှိကြသောအခါ ဗိုလ်ချုပ်အောင်ဆန်း ရောက်နှင့်နေပြီး ဗိုလ်ချုပ် နှင့်သူ၏ ဘေးမှ အင်္ဂလိပ် မေဂျာ တစ်ဦးသည် မြောက်ဘက်အရပ်သို့ မျက်နှာမူ၍ ထိုင်နေကြသည်။ ဆလန်ကွမ်ရင်ဂမ် နှင့် အဖော်နှစ်ယောက် ရောက်လာသောအခါ ဧည့်ခံကြိုဆိုသူများက ဗိုလ်ချုပ်၏ လက်ျာဘက် စားပွဲ နှစ်လုံးကြားတွင်ထိုင်ခိုင်းသည်။ ဆလန်ကွမ်ရင်ဂမ် နှင့်မျက်နှာချင်းဆိုင်တွင် မြန်မာလူကြီး တစ်ဦး ထိုင်သည်။ ဧည့်ခံ မဏ္ဍပ်တွင် စစ်ဗိုလ်များ တရုတ် ၊ ကုလား ကုန်သည်များ မြို့မိ ၊ မြို့ဖ လူကြီးမျာ နှင့် ဖ.ဆ.ပ.လ လူကြီးများ လူ (၄၀၀) ခန့်ရှိသည်။ ဧည့်ခံ မဏ္ဍပ်`၌ လူစုံသောအခါ BME ကုမ္ပဏီ မှ ဦးလောရွှင် သည် အင်္ဂလိပ် လိုရေးထားသော စာကိုဖတ်၍ ဗိုလ်ချုပ် ကိုကြိုဆိုသည်။ ဦးလောရွှင် ဖတ်ပြသောစာ၏ အဓိပ္ပါယ်မှာ ယနေ့ ဗိုလ်ချုပ် ကျွန်တော်တို့ မြစ်ကြီးနားသို့ ရောက်ရှိလာသဖြင့် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြ ပါသည် ၊ ယခုအချိန်မှာ ကျွန်တော်တို့မန္တလေး ၊ မြစ်ကြီးနား ၊ ဗန်းမော် မြို့ (၃) မြို့မှပြည်သူလူထုသည် လူသုံး ၊ အိမ်သုံး နှင့် ဆေးဝါး အစရှိသည့် ကုန်ပစ္စည်း မရှိသဖြင့် အခက်အခဲဖြစ်နေရပါသည်။ ထို့ကြောင့်၎င်း မြို့ နယ် သုံးမြို့နယ် အတွက်လိုအပ်သော ကုန်ပစ္စည်းများရယူရန် လီဒိုလမ်း ဖွင့်ပေးပါရန် တောင်းဆို သောစာဖြစ် သည်။ ဦးလောရွှင် သည်၎င်းစာကိုဖတ်ပြီးသောအခါ ဗိုလ်ချုပ် ကိုပေးလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း က သူ ရန်ကုန်သို့ပြန်ရောက်သောအခါ အစိုးရအဖွဲ့နှင့်တိုင်ပင်ပြီး အကြောင်းပြန်ကြားမည်ဟု ဖြေကြားသည်။
ဗိုလ်ချုပ်သည် တည်ခင်းပေးသော လက်ဘက်ရည်ကို တစ်ငုံ နှစ်ငုံ လောက်သောက်လိုက်ပြီးနောက်
ဆလန်ကွမ်ရင်ဂမ် တို့ရှိရာ စားပွဲသို့ရောက်လာပြီး မြန်မာလူကြီး ထိုင်သွား သောနေရာတွင်ထိုင်လေသည်။ ဗိုလ်ချုပ် ကခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး ဆလန်ကွမ်ရင်ဂမ်ကို သူမြစ်ကြီးနား သို့တက်လာရသည့် အကြောင်းရင်းမှာ အစိုးရအဖွဲ့ကိုတော့ ကချင်(၂) ကိုစစ်ဆေးရန် ဟုပြောထားခဲ့သော် လည်း အမှန်မှာ ကချင်လူကြီးများနှင့် တွေ့ချင်၍ တက်လာရခြင်းဖြစ်ကြောင်း ကချင်လူကြီးများနှင့် တွေ့နိုင် ပါ့မလား ဟုမေးသည်။ ဆလန်ကွမ်ရင်ဂမ်က ဗိုလ်ချုပ် တွေ့ချင်လျင်တွေ့နိုင်ကြောင်းပြောပြရာ ဗိုလ်ချုပ် က အခြားလူကြီးများနှင့်ကောတွေ့နိုင်ပါ့မလားဟုဆက်မေးသည်။ ဆလန်ကွမ်ရင်ဂမ်က ယခုအချိန်တွင် နယ်မှ လူကြီးများ ၊ ဒူဝါကြီးများ စုံစုံညီညီ မြို့ပေါ်သို့ရောက်ရှိနေကြသဖြင့် တွေ့နိုင်ပါကြောင်းဖြင့်ပြေပြရာ ဗိုလ်ချုပ် က ည(၇) နာရီတွင် ကချင်(၂) အရာရှိ Mess တွင်တွေ့ဆုံကြရန်ပြောပြီး ဆလန်ကွမ်ရင်ဂမ် တို့၏စားပွဲမှ ထ ပြန်သွားသည်။
ထိုနေ့ည (၇) နာရီ အချိန်တွင် ကချင်တပ်ရင်း(၂) N.C.O Mess တွင် ကချင်လူကြီး(၁၀၀) ကျော်နှင့် ဗိုလ်ချုပ်အောင်ဆန်းတွေ့ဆုံသည်။ ထိုင်ခုံ အလုံအလောက် မရှိသဖြင့် ဆမား ဒူဝါ ဆင်ဝါးနောင် အပါအ၀င် ကချင် ဒူဝါ ကြီးများ ၊ ဆလန်ဝါ ကြီးများ မတ်တပ်ရပ်ခဲ့ရသည်။ အစည်းအဝေးတွင် ဗိုလ်ချုပ်က စပြီးစကားပြော သည် ၊ ဗိုလ်ချုပ်က (ခင်ဗျားတို့ဂျိန်းဖောလူမျိုးများ လိုချင်သော ကချင်ပြည်နယ် အင်္ဂလိပ် အစိုးရပေးမှသာရမှာ လား .. လွတ်လပ်ရေးယူပြီး ဒို့ညီအစ်ကို အချင်းချင်း ခွဲယူ၍ ကော မရနိုင်ဘူးလား) ဟု သုံးကြိမ်သုံးခါမေးသည်
ဗိုလ်ချုပ်အောင်ဆန်း သုံးကြိမ်သုံးခါ မေးသော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိသဖြင့် ဆလန်ကွမ်ရင်ဂမ် မှ ထိုင်နေရာမှ ထပြီး (ဗိုလ်ချုပ် ခင်ဗျား ကျွန်ုပ်တို့လိုချင်သော ကချင်ပြည်နယ်ကို ညီအစ်ကို အချင်းချင်း ခွဲယူရင် လည်းရမယ်ဆိုတာ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ နောင်တော်တို့ ဗမာလူမျိုးများက ကျွန်တော်တို့ လူနည်းစုများ အပေါ် ဘယ်တော့မှ အကောင်းမလုပ်ခဲ့ဘူး ၊ ဒါကြောင့် ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကိုလည်းမယုံဘူး) ဟု ပြောရာ ဗိုလ်ချုပ် က ( အရင်ဗမာ မဟုတ်တော့ဘူး…. ၄၅-၄၆ ဗမာဖြစ်ပါပြီ ဟု ပြောသည်။ ဆလန်ကွမ်ရင်ဂမ် မှ ဆက်ပြီးပြောသွားရာတွင် ( ကျွန်တော်တို့ ဒီနေရာမှာ သေစရာ ရှိရင် ကျွန်တော်တို့ ကချင် သေတယ်.. ကောင်းစားစရာရှိရင် တရုတ် ၊ ကုလား နိုင်ငံခြားသား များဘဲ ကောင်းစားတယ်… အခုလည်း ကျွန်တော်တို့ ကချင်အမျိုးသားများစုပေါင်း ၍ ကုန်ရောင်း ကုန်ဝယ် စီးပွားရေး အလုပ်သင်ခါစ ရှိတယ်.. အရေးပိုင် တစ်ယောက် ပေးသွားသော မြေကွက်မှာ အရောင်းအ၀ယ်လုပ်နေတယ်.. သုံးလ မှ မကြာသေးဘူး အခြား အရေးပိုင် တစ်ယောက် ရောက်လာပြီး ကျွန်တော်တို့ကို ရွှေ့ဖို့နိုးတစ်စာ Notice ပေးသည် ဟုပြောရာ ဗိုလ်ချုပ်က ( အဲဒီနေရာဟာ တစ်စုံ တစ်ယောက် ပိုင်တဲ့ ပတ္တာမြေလား… အစိုးရမြေလား..၊ ပတ္တာမြေဆိုရင် ကျုပ်မပေးနိုင်ဘူး.. အစိုးရမြေဆို ရင် ကျုပ်ပေးနိုင်တယ်.. ဟုပြောသောအခါ အစည်းအဝေးသို့ တက်ရောက်လာသော ကချင်အမျိုးသားအားလုံး က
အစိုးရ မြေဖြစ်ကြောင်း တစ်ပြိုင်တည်း ပြောကြသည်။ ဗိုလ်ချုပ်က အစိုးရ မြေဖြစ်လျင် သူပေးနိုင်သည်ဟု ပြောပြီး ည(၉) နာရီ တွင် အစည်းအဝေး ပြီးဆုံးသွားသည်။
၎င်း နေ့ည (၁၁) နာရီတွင် ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ သည် ကချင် သမ၀ါယမ အသင်း ဆိုင်သို့ စာတစ်စောင် လာပို့သည်။ ၎င်း စာသည် ဗိုလ်ချုပ်က အရေးပိုင် Peter Murray ကိုပေးသောစာ ဖြစ်သည်။ ၎င်း မိတ္တူစာ ကိုဖတ်ကြည့်ရာ ( သင်ကချင် Cooperative ကော်ပိုရေးတစ် ကိုပေးထားသော နိုး တစ်စာ ကိုရုတ်သိမ်းလိုက်ပါ။ ထိုနေရာကို ကျွန်ုပ် သူတို့ကိုပေးလိုက်ပြီ ဟုရေးထားသည်ကိုတွေ့ရှိရသည်။ ဗိုလ်ချုပ် ကိုယ်တိုင် လက်မှတ်ပါ ထိုမိတ္တူစာသည် ကချင် သမ၀ါယမဆိုင်တွင်ရှိသော မီးခံသေတ္တာ တွင်ထည့် ထားရာ ၁၉၅၀ ခုနှစ် တွင် ပျောက်ဆုံးသွားသည်။ အရေးပိုင် Peter Murray သည် ဗိုလ်ချုပ်၏ စာကိုရရှိသောအခါ ရှက်၍ နောက်နေ့မှာပင် ရန်ကုန်သို့ပြန်ဆင်းသွားသည်။ ၎င်း ၏ နေရာ တွင် ဦးအုန်းမောင် ICS (ဗိုလ်ချုပ်နှင့်အတူ ကျဆုံးသွားခဲ့သည်) ရောက်ရှိလာပြီး မြစ်ကြီးနား အ ရေးပိုင်တာဝန်ကိုဆက်လက်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။




*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။

No comments:

Post a Comment