Wednesday, June 5, 2013

သီးခြား ကချင်ပြည်နယ် တောင်းဆိုခြင်း။


၁၉၄၆ ခုနှစ် ပဒန်း မနောပွဲ ( Padang Manau )
၁၉၄၆ ခုနှစ် နှစ်ဆန်းတွင် ဆလန်ကွမ်ရင်ဂမ် နှင့် ဆလန်ဒါမြာကမ် တို့ မြစ်ကြီးနား အရေးပိုင် Colonel Wilkie ထံသွားတွေ့ပြီး ဂျပန်စစ်ပွဲ အနိုင်ရ၍ အောင်ပွဲခံ Padang Manau ပဒန်း မနောပွဲ ကျင်းပလို သဖြင့် လိုအပ်သော အကူအညီများပေးရန် တင်ပြတောင်းဆိုသည်။ အရေးပိုင်က ပိုက်ဆံ မရှိတဲ့ အကြောင်း သာပြောနေ၍ ဆလန်ကွမ်ရင်ဂမ် နှင့် ဆလန်ဒါမြာကမ် တို့မှ မရမက ဆွဲဆောင်တောင်းဆိုသောအခါ သဘော တူလက်ခံသည်။ အရေးပိုင် မှ ပေးသော အကူအညီ များမှာ
၁။ သယ်ယူ ပို့ ဆောင်ရေး
၂။ ဆန် နှင့် ဆား
၃။ ငွေကျပ် နှစ် ထောင်
၎။ ဘိန်း တစ်ထုပ် တို့ဖြစ်သည်။
ဆလန်ကွမ်ရင်ဂမ် နှင့် ဆလန်ဒါမြာကမ် တို့က အရေးပိုင် အား ဘုရင်ခံ ကို မနောပွဲ သို့ တက်ရောက်အားပေး ရန် ဖိတ်ကြားပေးပါရန် တင်ပြခဲ့ကြသည်။ အရေးပိုင် ရုံး တွင် ကချင်အမျိုးသမီး စာရေးမ ဒေါ်ဂေါ့လူလု ရှိသဖြင့် ကချင်နှင့် ပတ်သက်သော ဆောင်ရွက်စရာ အလုပ်များကို အရေးပိုင်သည် အခက်အခဲမရှိဘဲလုပ် သွားနိုင်သည်။ ပြည်သူလူထု အနေ နှင့် စစ်ကာလ သုံးနှစ်သုံးမိုး ဘယ်ကိုမှ လွတ်လွတ်လပ်လပ်သွားလာခြင်း မရှိသလောက် နေထိုင်ခဲ့ရသဖြင့် ယခုလို ပွင့်လင်းရာသီမှာ ပဒန် မနောပွဲ ကျင်းပမည့်သတင်းများ ကြားကြ သောအခါဝမ်းသာ၍ မဆုံးရှိကြပြီး မနောပွဲ ကျင်းပမည့် စီတာပူရွာသို့ ချီတက်လာကြသည်။ ထောင်ပေါင်းများ စွာသော ကချင်များစုဝေးလာသည် ကို မြင်တွေ့ကြသော အင်္ဂလိပ် အရာရှိ ကြီး ငယ် တို့ တအံ့တသြ ဖြစ် ကုန် ကြသည်။
မြန်မာ ပြည် လွတ်လပ်ရေးယူတော့မည်။
မနောပွဲသို့ ဘုရင်ခံ Sir Regional Dorman Smith ၏ အတိုင်ပင်ခံ ၀န်ကြီးချုပ် ဆာပေါ်ထွန်း နှင့် အဖွဲ့ဝင် နှစ်ယောက်လည်းတက်ရောက်လာသည်။ ဆာပေါ်ထွန်းက ဆလန်ကွမ်ရင်ဂမ် အား ကချင်ရွာသို့ အလည်အပတ်သွားလိုကြောင်း ပြောသဖြင့် ဆလန်ကွမ်ရင်ဂမ် မှ မန်ခိန်ရွာနေ အင်္ဂလိပ် တပ် မှ အငြိမ်းစား Subaltern ဇော်လ အိမ်သို့ ခေါ်လာသည်။ ဆာပေါ်ထွန်း နှင့် အဖွဲ့ သည် ဆလန်ကွမ်ရင်ဂမ် နှင့် ဒူဝါ ဇော်လ တို့ ကို မြန်မာပြည်သည် လွတ်လပ်ရေးယူရတော့မည် ဖြစ်ကြောင်း၊ လွတ်လပ်ရေး အတူတူယူကြပြီး လွတ်လပ်ရေးရ ရင်လည်း ကိုယ့်နယ်မှာဘဲ ကိုယ်နေထိုင်ကြရမည်ဖြစ်ကြောင်း ၊ မိမိတို့သည် နဖားကြိုးတပ်ပြီး ချည်ထားတာ တောင် ၊ ကြိုးပြတ်လျင် အောက်ပြည်အောက်ရွာ သို့ပြန်ပြေးသွားကြမည်ဖြစ်ကြောင်းဖြင့် ပြောသွားသည်။
              

ထိုအချိန်က ဆာပေါ်ထွန်းနှင့် အတူ အခြားဧည့်သည် နှစ်ဦးလည်း လိုက်ပါလာကြောင်းသိရသည်။


သီးခြား ကချင်ပြည်နယ် တောင်းဆိုခြင်း။

Sir Paw Tun မှ ဆလန်ကွမ်ရင်ဂမ် နှင့် ဒူဝါ ဇော်လ တို့ရှေ့မှာ မြန်မာပြည်လွတ်လပ်ရေးယူတော့ မည့်အကြောင်း အခိုင်အမာ ပြောပြသော ၁၉၄၆ ခုနှစ် ဖေဖ၀ါရီလ တွင် ရန်ကုန်မှာ ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေး ချက်ချင်းပေးဟု အင်္ဂလိပ် အစိုးရအား ရာဇသံ ပေး တောင်းဆိုနေသော အချိန်အခါဖြစ်လေ သည်။
ဆလန်ကွမ်ရင်ဂမ်သည် မနောပွဲကိုတာဝန်ယူ နေသောအချိန်တွင် ဒူဝါဇော်လွန် နှင့် အခြား ဗန်းမော်မှ လူကြီးများက အင်္ဂလိပ် အစိုးရထံ တင်သွင်း ရန် စာတန်းတစ်စောင်ကိုယူလာသည်။ ဆလန်ကွမ်ရင်ဂမ်အား လက်မှတ်ထိုးခိုင်းသည်။ ၎င်းစာမှာ ကချင်က အင်္ဂလိပ် အစိုးရထံ သီးခြား ကချင်ပြည်နယ် သတ်မှတ် ပေးရန်တောင်းဆိုသော စာဖြစ်သည်။      

  

ထိုကဲ့သို့ သီးခြား ကချင်ပြည်နယ်တောင်းခံသော စာတန်းတစ်စောင်ကိုလည်း မနောပွဲ အပြီးတွင် အင်္ဂလိပ် အစိုးရထံ တင်သွင်းခဲ့ကြောင်းသိရှိရသည်။




*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။

No comments:

Post a Comment