Wednesday, June 5, 2013

ကချင်သမဝါယမအသင်းတည်ထောင်ခြင်း။


ကချင်သမ၀ါယမအသင်း။

            ဒုတိယကမ္ဘာစစ်အတွင်းနှင့်စစ်ပြီးစအချိန်တွင် မြစ်ကြီးနားမြို့ ပေါ်တွင် နိုင်ငံခြား ကုန်သည်များသည် ၄ ကျပ်တန် ၊ ၅ ကျပ်တန် ကုန်ပစ္စည်းများကို မသိနားမလည်သော တောသူတောင်သားများအား ၄၀ ကျပ် ၊ ၅၀ ကျပ် ဖြင့်ရောင်းချပေးသည်ကိုအကြိမ်ကြိမ် တွေ့ရှိရသောအခါစိတ်ထဲမှာနာကျည်းခဲ့သည်။ ထို့ကြောင့် ဆလန်ကွမ်ရင်ဂမ်သည် မိတ်ဆွေများနှင့်အတူ စီးပွားရေး တစ်ခုခုလုပ်ရန် စိတ်ကူးလျက် ရှိစဉ် ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် မြစ်ကြီးနား အရေးပိုင် COLONEL WILKIE , ICS သည်သူ၏စာရေးမ ဒေါ်ဂေါ့လူလု ကိုလွတ်၍ ဆလန်ကွမ်ရင်ဂမ် ကိုခေါ် သည်။ ထိုအချိန်က မြန်မာပြည်သည် CIVIL AFFAIRS SERVICE (BURMA) CAS(B) အုပ်ချုပ်ရေးကာလဖြစ် ပြီး CAS(B) သည် SOUTH EAST ASIA COMMAND အရှေ့တောင်အာရှ ကွပ်ကဲမှုလက်အောက်တွင်ရှိသည်။ အရေးပိုင်ရုံး ကို မြစ်ကြီးနားမြို့၊ရှမ်းစုတောင်ရှိ အမေရိကန် သာသနာပြု ကျောင်းဝင်း မှ အမေရိကန်ဆရာကြီးများနေခဲ့ သော အိမ် ( ယခုကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဝင်း) တွင်ရုံးဖွင့်သည်။ ဆလန်ကွမ်ရင်ဂမ် လာတွေ့သော အခါ အရေးပိုင်က ယခု အမေရိကန်တပ်များသည် ၄င်းတို့၏ စစ်ကျန်ပစ္စည်းများကို မီးရှို့ ဖျက်ဆီးပစ်မည်ဟု ပြောသည်၊ အမေရိကန် အစိုးရကတော့ မီးရှို့ ဖျက်ဆီးခြင်းမပြုဘဲ ပြည်သူကိုရောင်းပေးရန် နှင့် ကချင်အမျိုး သားများကို ဦးစားပေး၍ ရောင်းပေးရန်ပြောသည်။ ထို့ကြောင့်အရေးပိုင်က ဆလန်ကွမ်ရင်ဂမ်ကို ခင်ဗျားတို့ကချင်အမျိုးသားများ ဘယ်လောက် ယူနိုင်မလဲဟုမေးသည်၊ ဆလန်ကွမ်ရင်ဂမ် က ကျနော်တို့ ကချင်တွေပိုက်ဆံမှမရှိဘဲ ၀ယ်ရင်လဲ အလွန်ဆုံး တစ်သိန်းဘိုးလောက်ဘဲ ၀ယ်နိုင်မည် ဟုပြောရာ အရေးပိုင် က ဒါဘဲလားဟဲဟဲ ပြောကာရယ်သည်။ ဆလန်ကွမ်ရင်ဂမ် က မိတ်ဆွေများ  နှင့်တွေ့ပြီးနောက်ပြန်လာပြီး အကြောင်းပြန်မည်ဟုပြော၍ ပြန်လာသည်။
          အရေးပိုင်ရုံးကပြန်လာသောအခါ ဈေးတွင် ကျောင်းနေဘက် ဆလန်ကရိုင်လ နှင့် အဖေါ်ငါးယောက် ကိုတွေ့သဖြင့် ၄င်းတို့အားဆွေးနွေးစရာရှိသည့် အကြောင်းပြောပြီး အိမ်သို့ခေါ်လာသည်။ အိမ်သို့ရောက် သောအခါ အမေရိကန် စစ်ကျန်ပစ္စည်း များဝယ်ယူရေး ကိစ္စ ကိုပြောပြသည်။ ဆလန်ကရိုင်လ နှင့်သူ့အဖေါ် များက ၄င်းတို့တတ်နိုင်သလောက်ဝယ်ယူမည့်အကြောင်းပြောသည်။ ဆလန်ကွမ်ရင်ဂမ် က လူအများစုပေါင်း ပြီးစီးပွားရေး တစ်ခုခုလုပ်ကြရန်ပြောသည်။ ဆလန်ကရိုင်လ သည် အစ၌ အေးစက်စက်ဖြစ်နေပြီး နောက်ဆုံး သဘောတူလေသည်။ ဆလန်ကရိုင်လ သည် အမေရိကန် 101 တပ်တွင် SUBALTERN အဆင့် နှင့်စစ်မှု ထမ်းခဲ့သူဖြစ်သည်။
ထို့ကြောင့် ၁၉၄၅ ခုနှစ် စက်တင်ဘာလ တွင် ကချင်သမ၀ါယမ အသင်း နာမည်နှင့် လုပ်ငန်းစခဲ့ကြ သည်။ ၄င်းသမ၀ါယမ အသင်းကို အင်္ဂလိပ်ဘာသာဖြင့် THE KACHIN COOPERATIVE SOCIETY ဟုခေါ်ပြီး ကချင်ဘာသာဖြင့် JINGHPAW MYITHKRUM HPAGA HPUNG ဟုခေါ်သည်။ အသင်းဝင်ဦးရေမှာ ကချင် အမျိုးသား ၊ အမျိုးသမီး (၄၄) ဦးရှိပြီး ရင်းနှီး မတည်ငွေ မှာ ကျပ် (၁၆၀၀၀၀ )ကျပ်တစ်သိန်းခြောက်သောင်း ကျော်ဖြစ်သည်။ ဆလန်ကွမ်ရင်ဂမ်သည် ချက်ချင်းငွေရှာဖွေစုဆောင်းရန်မလွယ်ကူသဖြင့်အသင်းတွင်ရှိသော
ငွေ လောက်နှင့်သာဝယ်ယူပြီး ကျန်ပစ္စည်း များကို မ၀ယ်ယူနိုင်ကြောင်း အရေးပိုင်ထံ အကြောင်း ပြန်ကြားသည်။
၎င်းအမေရိကန်စစ်ကျန်ပစ္စည်းများကို မြို့မရပ်ကွက်နေ ဦးလောရွှင် ( အင်္ဂလိပ်ခေတ်က တရုတ်ကန်ထရိုက်တာ လီးတင်ခွေ၏သား) နှင့် ပန်ချာပီ ဒရမ်ဆင် (ထိုစဉ်က ယခုမြစ်ကြီးနားခရိုင်ကြံ့ခိုင်ရေးရုံး ဖွင့်လစ်ထားသော မြေနေရာတွင်နေ ထိုင်သွားကြပြီး ယခုအိန္ဒိယပြန်သွားသူ) တို့အဖွဲ့က အမေရိကန် နှင့် အင်္ဂလိပ် အရာရှိများကို ဧည့်ခံကျွေးမွေး ပြုစု၍ ငွေများများမပေးဘဲ ရရှိလိုက်ပြီး BME Burma Mechanical Engineer Signboard တင်လိုက်ကာ နေ့ တွင်းချင်း သူဌေးကြီးများဖြစ်ကုန်ကြသည်။
ဆလန်ကွမ်ရင်ဂမ် နှင့် အသင်းလူကြီးများသည် အရေးပိုင် Colonel Wilkie ထံသွားတွေ့၍ ခတ်ချို ကူးတို့ပို့လုပ်ငန်း ကိုကချင်သမဝါယမအသင်းအားလုပ်ကိုင်ခွင့်ပြုရန် တောင်းခံကြရာ အရေးပိုင် က မင်းတို့ လုပ်နိုင်မည်မထင်ကြောင်း နှင့် ပြောနေရာ ကချင်လူကြီးများကလည်း လုပ်နိုင်သည့် အကြောင်း အခိုင်အမာတောင်းဆိုသဖြင့် အရေးပိုင် မှ လုပ်ကိုင်ခွင့်ပေးလေသည်။

ကချင် သမ၀ါယမ အသင်း မြို့မရပ်ကွက်တွင် ဖွင့်လစ်ခြင်း။

                                      မြစ်ကြီးနား အရေးပိုင် Colonel Wilkie သည် စစ်တိုင်းမင်းကြီးရာထူးနှင့် စစ်ကိုင်းသို့ပြောင်းသွားသည် ၄င်း၏နေရာတွင် မေဂျာ မက်ကင်းနက် ရောက်ရှိလာသည်။ ကချင် သမ၀ါယမ အသင်း၏ လုပ်ငန်းများ ကျယ်ပြန့်လာသောအခါ ဆလန် ကရိုင်လ နှင့် အသင်းလူကြီးများသည် အရေးပိုင်ထံသွားတွေ့၍ ကချင် သမ၀ါယမ အသင်းအတွက် မြေကွက်နေရာပေးရန် တောင်းရာ အရေးပိုင်က လစ်လပ်နေသော အစိုးရဆေးရုံ ၀င်းနေရာဟောင်းတွင်ချထားပေးသည်။ နေရာရသောအခါ အသင်းလူကြီးများသည် ငွေတစ်သောင်းကျော် အကုန်ကျခံ၍ သွပ်မိုး အိမ်အနိမ့်တန်းလျား တခု နှင့် လူကြီးများနေရန် အိမ်တစ်လုံးဆောက်ကာ မြို့မရပ်ကွက် သို့ သမ၀ါယမ အသင်းဆိုင် ကိုဖွင့်လှစ်ခဲ့သည်။ မကြာမီ မေဂျာ မက်ကင်းနစ် ပြောင်းသွားပြီး ၄င်း၏ နေရာ တွင် Peter Murray ICS ရောက်ရှိလာသည်။ ယခုရောက်ရှိလာသော အရေးပိုင် ကို မြို့ပေါ်ရှိ ကုန်သည်များ သွားပြီးသွေးထိုးရာ ၁၉၄၆ ခုနှစ် အောက်တိုဘာ (၂၀) ရက်နေ့တွင် ကချင် သမ၀ါယမ အသင်းသို့ နိုးတစ်စာ တစ်စောင် ရောက်ရှိလာသည်။ ၄င်းနိုးတစ်စာ ရသောနေ့ မှ (၁၅) ရက်အတွင်းပြောင်းရွှေ့ပေးရမည်ဟု သတိ ပေးသောစာဖြစ်သည်။ ၄င်း နိုးတစ် စာ ရောက်ရှိလာပြီးနောက် လမ်းအရေးပိုင် ဆင်ဟား (ကုလားလူမျိုး) နှင့် လမ်းဝန်ထမ်းများရောက်ရှိလာပြီး လွတ်နေသောနေရာများတွင် အဆောက်အဦးများ ဆောက်ရန် ပေကြိုးဖြင့် တိုင်းတာပြီး ပန်နက်တုတ်ရိုက်ကြသည် ကို ဆလန်ကရိုင်လ နှင့် အသင်းလူကြီးများ တွေ့ရှိသဖြင့် လမ်းအရေး ပိုင် အား ဘာမှဆက်မလုပ်ဘဲပြန်သွားကြရန်ပြောသည်။ လမ်းအရေးပိုင်လည်း ပြန်သွားပြီး အရေးပိုင်
Peter Murray ကိုတင်ပြသည်။ Peter Murray ကဘယ်သူတွေက ကန့်ကွက်ကြသလဲဟုမေးရာ လမ်းအရေး ပိုင် က ဆလန် ကရိုင်လ ၊ ဆလန်ကွမ်ရင်ဂမ် ၊ ဒူဝါ ဇော်ရစ် နှင့် ဆလန်ဒါမြာကမ် တို့ဖြစ်သည်ဟုတင်ပြသော အခါ Peter Murray က ရေး မှတ်ထားလိုက်ပြီး ၄င်း ကချင်လူကြီး (၄) ဦး ကိုဖမ်းချုပ်မည်ဟုပြောသည်။ အင်္ဂလိပ် အရေးပိုင် Peter Murray နှင့် ကချင်လူကြီးများ ထိတ်တိုက် ပြဿနာ တက်နေချိန် တွင် ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားသို့ ရောက်ရှိလာသည်။
        ဗိုလ်ချုပ်အောင်ဆန်းမြစ်ကြီးနားသို့ ရောက်ရှိလာချိန် တငွ် အင်္ဂလိပ် အရေးပိုင် Peter Murray နှင့် ကချင်လူကြီးများ ကြားဖြစ်ပွါး နေ သော ပြဿနာကိုညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။ သို့ဖြစ်၍ ကချင်သမ၀ါယမအသင်း ဆက်လက်လည်ပတ်ခဲ့ကြောင်းမှတ်သားသိရှိရသည်။


*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။

No comments:

Post a Comment